အဲဒီလူ ခေါင်းခါတယ်။ သူပြောတာ အဲဒီလိုမဟုတ်ဘူးတဲ့။ စက်မှာ OS ပြန်တင်မှာမို့ တစ်ဆင်စာဆော့ဖ်ဝဲတွေပါတဲ့ စီဒီဝယ်ချင်တာတဲ့။ သေဟဲ့ နန္ဒိယ။ ရောင်းတဲ့လူ တော်တော်စိတ်ညစ်သွားတယ်။ အဲဒီလိုတစ်ခါတည်း တွဲပြီးသား စီဒီမလာဘူးလို့ ရှင်းပြရတယ်။ ကျွန်တော်လည်းဘေးကဝိုင်း အကြံပေးပြီး Windows OS နဲ့တွဲဖို့ အများဆုံးလိုအပ်မယ့် စီဒီတွေကူရွေး ပေးရပါတယ်။ အဲဒီကိစ္စပြီးသွားတော့ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်နေ လိုက်မိတာ သုံးနှစ်လုံးလုံး။ ၂၀ဝ၇ ခုနှစ်ထဲမှာ အဲဒီကိစ္စဟာ အသစ် ဖြစ်ဖို့ အကြောင်းပေါ်လာတယ်။ ကျွန်တော့် ကွန်ပျူတာ ဗိုင်းရပ်စ်ထိပြီး OS ကို ဘယ်လိုမှ ကယ်လို့မရတော့တာကိုး။ အရေးအကြောင်းရှိရင် သုံးရအောင်Windows XP တစ်ချပ်တော့ရှိတယ်။
ကျန်တဲ့ဆော့ဖ်ဝဲတွေက ဘာမှ စုံစုံလင်လင်မရှိဘူး။ ကွန်ပျူတာဆိုင်ကို အားကိုး၊ သူငယ်ချင်းတွေကို အားကိုးပြီးနေလာခဲ့တာဆိုတော့ အဲဒီလိုဖြစ်တာ မဆန်းပါခင်ဗျာ။ OS တင်ပြီးရင် ကျန်တဲ့ဆော့ဖ်ဝဲတွေ တစ်ခုစီလိုက်တင်ရမှာ ပျင်းတာနဲ့ ကျွန် တော်လည်း နေရှင်နယ်စီဒီဆိုင်မှာ တွေ့ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ကြီးလိုပဲ Windows တစ်ဆင်စာဆော့ဖ်ဝဲစီဒီတွေ လိုက်ရှာပါတယ်။ အဲဒီအချိန်မှာ ကံကောင်းတာက Black XP ဆိုတဲ့ တစ်ဆင်စာ DVD တွေ ပေါ်နေပါပြီ။ အရွယ်ကတော့ မသေးလှဘူး။ 2GB နီးပါးရှိပါတယ်။ Windows တင်ပြီးတာနဲ့ တင်သင့်တဲ့ ဆော့ဖ်ဝဲတွေကို DVD ထဲမှာ တစ် ပါတည်း ထည့်ပေးထားတယ်။
ကိုယ်လိုချင်တာ ရွေးပြီး OK လိုက်ရုံပဲ။ ဆော့ဖ်ဝဲအများစုကတော့ Crack တွေ Patch တွေတောင် မလိုဘူး။ တစ်ခါတည်း တိုက်ရိုက်တင်ပေးထားတာ။ အဆင်သင့် ဖန်တီးပေးထားတဲ့ ဟက်ကာက တော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သုံးတဲ့ Hardware ခပ်နိမ့်နိမ့်တွေနဲ့သိပ်ပြီး ကီးမကိုက် လို့ထင်တယ်။ စက်က အတော် လေးပါတယ်။ ဒါနဲ့ အဲဒီ OS ကြီး ပြန်ဖြုတ်ချပြီး ခါတိုင်းသုံးနေကျ ပေါ့ပေါ့ ပါးပါး Window XP ကို ပြန်တင်ရပါတယ်။ တွဲဖက်သုံး ဆော့ဖ်ဝဲတွေကိုတော့ မရှိမ ဖြစ် Office နဲ့ Photoshop လို ဟာမျိုးကလွဲပြီး ကျန်တာ တွေကိုအချိန်ယူစောင့်ကြည့် ပါတယ်။
တခြားသော သုံး စွဲသူတွေကိုမေးတယ်။ ကိုယ် တိုင်စမ်းကြည့်တယ်။ တ ကယ်အဆင်ပြေပြီဆိုမှ သုံး သင့်တဲ့ဆော့ဖ်ဝဲအဖြစ်သတ် မှတ်ပြီးစီဒီဝယ်သိမ်းပါတယ်။ အခုတော့ နည်းနည်း နပ်သွားပြီ။ Windows 7 သုံးတဲ့ စက်ဆိုရင် သူ့အတွက် OS နဲ့ ဆော့ဖ်ဝဲ တစ်ဆင်စာ XP သုံးတဲ့စက် ဆိုရင်လည်း သူ့အတွက် OS နဲ့ ဆော့ဖ်ဝဲတစ် ဆင်စာ သီးခြားစီဒီအိတ်တွေနဲ့ သိမ်းပါတယ်။
ဒါပေမဲ့အရေးကြုံချိန်မှာ စီဒီတွေရဲ့သက်တမ်းဟာ စကားပြောပါတယ်။ အ ကောင်းဆုံးစီဒီနဲ့ ဒီဗီဒီအချပ်တွေရဲ့ သက်တမ်းဟာ ဖုန်မဝင်၊ ခြမတက်၊ ပိုးမစားအောင် ဂရုတစိုက် ထိမ်းသိမ်းနိုင်ပါမှ လေးနှစ်နီးပါးပဲ ခံပါတယ်။ စီဒီထည့်တဲ့ အိတ်ကိုတိုင်မှာ တွဲလောင်းချိတ်ထားရတယ်။ အထဲက စီဒီ တွေ တစ်ချပ်နဲ့တစ်ချပ် ဖိမိပြီးမပျက်စီးအောင်လို့။
စီဒီနဲ့ ဒီဗီဒီတွေဟာ ဆင့်ပြီး ထပ်ထားရင် တစ်ခါတလေမှာ နှစ်နှစ်ကျော်နဲ့ ဘာလက်ရာ ဒဏ်ရာမှ မပေါ်ဘဲပျက်စီးပါတယ်။ မယုံမရှိနဲ့ ကိုယ်တွေ့ဗျ။ ဒါကြောင့် အခု နောက်ပိုင်း မင်မိုရီစတစ် အမျိုး အစားကောင်းလေးတွေ ဝယ်ပြီး အဲဒီထဲမှာ စုသိမ်းပါတယ်။ OS အတွက် က 2-4 Gb စတစ်တစ်ချောင်း၊ ဆော့ဖ်ဝဲတွေအတွက်က 8Gb စတစ်တစ်ချောင်းထားပါတယ်။ စတစ် တွေက တိုက်ရိုက်ထိခိုက်တဲ့ ဒဏ်မဖြစ်ရင် ခဏခဏထိုးစွပ်ပြီး မသုံးရင် ၅ နှစ်က အထက်ခံပါတယ်။
၃ နှစ်တစ်ခါလောက်ဖွင့်ဖွင့်ပြီး အလုပ်လုပ်လို့ ရသေးရဲ့လားဆိုတာတော့ စမ်းပေးရတာပေါ့။ အဲဒီတော့ စာရှုသူတို့လည်း အရေးကြုံရင်သုံးရအောင် Windows တစ်ဆင်စာ စုထားသင့်ပြီ ထင်ပါ တယ်။ ကောင်းပြီ ဘယ်လိုဆော့ဖ်ဝဲတွေစုကြမယ်ဆိုတာ ကျွန်တော့ အတွေ့အကြုံအပေါ်အခြေခံပြီး အကြံပေးပါမယ်။ စာရှုသူဟာ မကြာသေးမီနှစ်ပိုင်းထဲမှာမှ ကွန်ပျူတာဝယ်ခဲ့မယ်ဆိုရင် Windows 7 သုံးမှာ သေချာပါတယ်။
လွန်ခဲ့တဲ့လေးငါးနှစ်တုန်းက ကွန်ပျူတာ ဝယ်ခဲ့တာဆိုရင်တော့ Windows XP ရှိဖို့ များပါတယ်။ အဲဒီတော့ ဘယ်လို Windows ပဲသိမ်းသိမ်း အဓိကအချက်က ပေါ့ပေါ့ပါးပါး အလုပ်လုပ်တဲ့ OS ကို ရွေးပြီးသိမ်းဖို့ပါပဲ။ ဆော့ဖ်ဝဲ စီဒီဆိုင်ကိုမေးရင် ဘယ် OS အချပ် က ပေါ့ပါးတယ်ဆိုတာ သူတို့ပြောပါလိမ့်မယ်။ ဒီလိုပြောရတာအကြောင်း ရှိပါတယ်။ Windows XP Service park 2 ကိုတင်ရင် ဘယ်အချပ်နဲ့ တင်တင် နာရီဝက်ကနေအထက် ကြာပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ OEM XP SP2 တစ်ချပ်ကတော့ OS တင်တဲ့အလုပ်ကို ၁၅ မိနစ်အတွင်း ပြီးပါတယ်။
ဒါကြောင့် OS ချင်းတူပေမယ့် အသက်ရှူခြင်းကွဲတယ်ဆိုတာ သဘော ပေါက်ထားပါ။ Windows 7 မှာလည်း ဒီအတိုင်းပါပဲ။ Ultimate version က အလွယ်ဝယ်လို့ရတာမို့ ဒါကြီးပဲ တင်ပေးလိုက်တာများပါတယ်။ တကယ် တမ်းမှာ သူ့ထက်ပေါ့ပါးစွာ အလုပ်လုပ်တဲ့ Home premium ဒါမှမဟုတ် Professional version တွေက ပိုကောင်းပါတယ၂်။ ကျွန်တော်တို့က OS ကို နယ်ကုန်အောင်မသုံးဘဲ Windows 7 Ultimate တင်ထားတော့ ဘာထူးမှာ တုန်း။ စက်လေးရုံပဲရှိမှာပေါ့။ ဒီနေ့ဆိုရင် Windows 7 ကျန်တဲ့ Version တွေကိုဆိုင်တွေမှာ ရနိုင်ပါတယ်။
ဆိုင်မှာ မရှိရင် Service ပေးတဲ့နေရာ တွေမှာ ကျိန်းသေရှိတယ်။ အဆင်ပြေသလို ကြည့်လုပ်ပေရော့။ XP ဆိုရင်တော့ ဒီနေ့ခေတ်မှာ Service Pack 3 လောက်ထိ တပ်သုံးနိုင်ပါတယ်။ Networking ပိုင်းမှာ သူကပိုပြီးပြည့်စုံတယ်။ ကွန်ပျူတာတစ်လုံးမှာ OS ပြည့်စုံပြီဆိုရင် မဖြစ်မနေတင်ရမှာက Office Suite ဖြစ်ပါတယ်။Office 2003 ကို စက်ဟောင်းသမားတွေက ရွေးပြီး Office 2007 ကို စက်သစ်သမားက ရွေးသင့်ပါတယ်။ ဒါပေမဲ့ ကိုယ့်စက်ဟာ P4 အမြင့် DDR RAM 16b လာက်သုံးထားမယ်ဆိုရင်လည်း Office 2007 ကို သုံးနိုင်ပါတယ်။ အဆင်တန်ဆာကို သိပ်မမက်ဘဲ အလုပ်ဖြစ်ဖို့ ဦးတည်မယ်ဆိုရင် Open Office 3.3 ကို ရွေးနိုင်ပါတယ်။ သူက မြန်မာစာ unicode ကို အထောက်အပံ့ပေးတယ်။
Processor နဲ့ RAM တောင်းဆိုချက် မမြင့်ဘူး။ မင်မိုရီစတစ်ထဲထည့်ပြီး Portable အနေနဲ့ သုံးနိုင်ပါတယ်။ ဖိုင်တွေကို MS Office နဲ့ အပြန်အလှန် ဖလှယ်ပြီး သုံးနိုင်အောင်လည်း လုပ်ပေးထားပါတယ်။ ကိုယ့်အလုပ်က စာစီစာရိုက်က အဓိကဆိုရင် Adobe Indesign CS2 လောက်ကို ဆောင်သင့်ပါတယ်။ Page maker 6.5 ဒါမှမဟုတ် 7 ကို စာမျက်နှာဖွဲ့ပုံ ပိုကောင်းလို့ သုံးကြပေမယ့် သူ့ခေတ်က ကုန်ခဲ့ပါပြီ။
Page Maker လုပ်နိုင်သမျှကို Indesign မှာ လုပ်နိုင်ပါတယ်။ ဒါစုံရင် ဆောင်ထားရမှာက မြန်မာစာဖောင့်တွေပါ။ွှWin Innwa, Win Researcher နဲ့ Zawgyi ဖောင့်တွေက မဖြစ်မနေ သုံးကြပါတယ်။ Unicode ကြိုက်ရင်လည်း ဆောင်ပါ။ Art house ဖောင့်တွေကတော့ ဒီဇိုင်းဖန် တီးဖို့ပါ။ ဒါတွေပြီးရင် ရှေ့ဆက်လိုအပ်မယ့်ဆော့ဖ်ဝဲတွေက ကွန်ပျူတာ ကို ဘယ်လို သုံးမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။
အလုပ်လုပ်ဖို့ ဦးစား ပေးမယ့် လူဆိုရင်တော့ ဓာတ်ပုံနဲ့ ဗီဒီယိုကိစ္စမျိုး ပါလာပါမယ်။ ဓာတ်ပုံ ကြည့်ရုံသက်သက်အတွက် Window Photo viewer ရှိပြီးသားပါ။ ဒါပေမဲ့ ဓာတ်ပုံနဲ့ ဂရပ်ဖစ်ဖိုင် format မျိုးစုံ ကိုင်တွယ်နိုင်မှု ပေါ့ပေါ့ပါးပါး ပြည့် ပြည့်စုံစုံ အလုပ်လုပ်နိုင်မှုကို ထည့်စဉ်းစားမယ်ဆိုရင် ACD see ကို သုံး သင့်ပါမယ်။ ဓာတ်ပုံကို လှပအောင် ခြယ်သမယ်ဆိုရင် ဒီနေ့ထွက်နေ တဲ့ ACDsee Pro 5 ဟာ အားကိုးလောက်ပါတယ်။
ဓာတ်ပုံကိစ္စ ပြည့်ပြည့် စုံစုံ ကိုင်တွယ်ချင်ရင် Photoshop CS2 ဒါမှမဟုတ် CS3 ဟာ လုံလောက် ပါတယ်။ အပျော်တမ်း ဗီဒီယိုတည်းဖြတ် ဝါသနာပါမယ်ဆိုရင် Power Director ဆော့ဖ်ဝဲဟာ သင့်တော်ပါတယ်။ အလုပ်ဦးစားပေးတဲ့ လူတွေ ထဲမှာ အင်ဂျင်နီယာလုပ်ငန်းဘက် ဦးစားပေးရသူဆိုရင် AUTO CAD နဲ့ စာရင်းအင်းဖက် ဦးစားပေးရသူဆိုရင်MYOB တို့ Peathtree တို့လိုနိုင် ပါတယ်။
ဖျော်ဖြေရေးဘက် ဦးတည်သွားမယ့်သူတွေကတော့ VLC Media Player ဟာ သင့်တော်တယ်။ Windows Media Player ထက်သာတယ်။ အသံပိုင်းနဲ့ အရုပ်ပိုင်းဆိုင်ရာ CODEC တွေပါ ပြည့်စုံအောင် ဖြည့်ဆည်းပေး ထားတာမို့ သူ့ထဲမှာ ဖွင့်လို့မရတဲ့ အသံဖိုင်အရုပ်ဖိုင်အလွန်ရှားပါတယ်။ DVD နဲ့ Bluray ခွေတွေကို အဆင့်မြင့်မြင့် ကြည့်ချင်တယ်ဆိုရင်တော့ Power DVD 10 လောက်ကို ထည့်သင့်ပါတယ်။ စာဖတ်တာကို လိုအပ်ချက် အရ ဖြစ်ဖြစ်၊ ဖျော်ဖြေမှုအရဖြစ်ဖြစ် ဖတ်မယ်ဆိုရင် Adobe reader လောက်ရှိသင့်ပါတယ်။
ကျွန်တော်ကတော့ မဖြစ်မနေစာဖတ်တဲ့ အလုပ် လုပ်ရတာမို့ PDF ဖိုင်တွေကိုလိုသလို တည်းဖြတ်မှတ်သားနိုင်တဲ့ Acrobat Reader ကို သုံးပါတယ်။ ခုလောက်ရှိ တော်တော်လေးစုံပါပြီ။ ဗိုင်းရပ်စ် အန္တရာယ်ကာကွယ် ရေးအတွက် Antivirus ဆော့ဖ်ဝဲတစ်ခု၊ မင်မိုရီစတစ် ဗိုင်းရပ်စ်ကာကွယ် ဖို့ ဆော့ဖ်ဝဲတစ်ခုလောက် မဖြစ်မနေ ဆောင်ရပါမယ်။ အင်တာနက် သုံးတတ်ရင် Firefox လို Chrome တို့လို Browser တစ်ခုလောက် လိုပါ တယ်။
ဒီအပိုင်းမှာ ဆော့ဖ်ဝဲဗားရှင်း အပြောင်းအလဲများတာမို့လို့မှ ကောက်ထည့်ရင်လည်း အဆင်ပြေပါတယ်။ လူတွေက ကွန်ပျူတာသုံး ရာမှာ အကြိုက်အမျိုးမျိုး ရှိလေတော့ သီချင်းရေးတဲ့လူ၊ ပန်းချီဆွဲတဲ့ လူ၊ ဂိမ်းဆော့တဲ့လူတွေလည်း ရှိပါလိမ့်မယ်။ ဗိုင်းရပ်စ်လည်း ပိတ်ဆို့ ပြီးသားဖြစ်အောင် ဆော့ဖ်ဝဲအသစ် အဆင်ပြေလား မပြေလားသိအောင် Deep freeze လိုဟာမျိုးတင်ထားပြီး ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲတွေ တစ်စချင်းသွင်းသွားနိုင်ပါတယ်။
ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)
No comments:
Post a Comment