အခုလုပ်နေတဲ့ အလုပ်ကို အကောင်းဆုံး ပုံဖော် ပြောပြပေးပါဦး။
အခုလုပ်နေတဲ့ အလုပ်က တကယ့်ကို ယှဉ်ပြိုင်မှုပြင်းထန်တဲ့ အသိုင်းအဝိုင်းမှာ ကိုယ့်ရဲ့ အမြင်တွေ အိုင်ဒီယာတွေကို တိုက်ရိုက် အသုံးချပြီး လူတွေက ဘယ်လို တုန့်ပြန်တယ်ဆိုတာကို ချက်ချင်း သိရတယ်ဗျာ။ ကျွန်တော် အရင်တုန်းက Software Engineer အလုပ်နဲ့ ရင်းနှီးဖူးတယ်ဗျ။ customer တွေရဲ့ လိုအပ်ချက်တွေ အပေါ်မှာ ဘော့စ်က ညွှန်ကြားတဲ့ အပေါ်မှာ ပရောဂျက်တွေ တစ်ခုပြီး တစ်ခု လုပ်ရတဲ့ ပုံစံပေါ့။ အဲဒီလို လုပ်ရတာကို စိတ်ထဲမှာ ချဉ်းကပ်ပုံလမ်းကြောင်း လွဲနေတယ်လို့ ခံစားမိတယ်ဗျ။ ဒီထက်ကောင်းတဲ့ လမ်းလဲ ရှိကိုရှိရလိမ့်မယ်လို့ ထင်တယ်။ အခု ThemeForest Marketplace မှာတော့ အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်တယ်ဗျ။ ကိုယ့်ကိုယ်ကိုလဲ Skill ကောင်းအောင် အမြဲမြှင့်နေဖို့လိုတယ်။ အချိန်ပြည့် အသစ် အသစ်တွေကို သင်ယူနေဖို့ လိုတယ်။ အဲဒီလို လုပ်နေရတာကိုက ကျွန်တော့် အလုပ်အတွက် ကျွန်တော့်အတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။
ကမ္ဘာကြီးပေါ်မှာ နေရာတစ်ခုကို စိတ်ကြိုက်ရွေး အဲဒီနေရာမှာ ကိုယ်ပိုင် ဒီဇိုင်းတစ်ခု ဖန်တီးခွင့် ရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးဖြစ်မလဲ၊ ဘယ်လိုများ ဖန်တီးမယ် စိတ်ကူးလဲ။
အခုတော့ ကျွန်တော့်ရဲ့ ပထမဦးဆုံး ကိုယ်ပိုင်အိမ်ကို ဆောက်နေတယ်ဗျ။ တကယ့်ကို ကျွမ်းကျင်တဲ့ interior designer တွေခေါ်ထားတယ်ဗျ။ တော်တော်လေးကို အခြေအနေကောင်းတဲ့ ဒီဇိုင်းလဲ ရလာနေပြီ။ ကျွန်တော် စိတ်ကူးထဲမှာ ရှိတာက ထိုင်းက တောင်တန်းတွေမှာ အရမ်းလှတဲ့ ဒီဇိုင်းနဲ့ အပန်းဖြေ စခန်းတွေ ဆောက်ချင်တယ်ဗျ။ နောင်တစ်ချိန်တော့ ဖြစ်လာဖို့ မျှော်လင့်ထားတယ်။ ထိုင်းမှာရှိတဲ့ ခိုခါး၊ ခိုရီနဲ့ ပိုင် အဲဒီနေရာတွေမှာ ဒီဇိုင်းအလန်းစား အပန်းဖြေစခန်းတွေ၊ အိမ်တွေ တည်ဆောက်နိုင်လိမ့်မယ်လို့။
ကိုယ့်ကိုယ်ကို စိတ်ဓာတ် ဘယ်လို မြှင့်တင်လဲ၊ ဘယ်လို စိတ်ဓာတ်ခွန်အား၊ အာရုံတွေကို ရအောင်ယူသလဲ။
ကမ္ဘာပေါ်မှာရှိတဲ့ တကယ့်ကို ပင်ကိုယ်စွမ်းရည်မြင့်တဲ့ ထူးချွန်တဲ့ အောင်မြင်တဲ့သူတွေရဲ့ အကြောင်းတွေကို ကျွန်တော် ဖတ်ဖြစ်ပါတယ်။ သူတို့တွေထဲက အတော်များများဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကြတယ်။ အဲဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကြတာ ကျွန်တော် အရမ်းအားကျတယ်ဗျ။ ကျွန်တော့်မှာ ကံဆိုးမိုးမှောင်ကျတဲ့ နေ့တွေနဲ့ကြုံတိုင်း သူတို့ အကြောင်းတွေကို ပြန်သတိရတတ်တယ်။ သူတို့တွေ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေ ဘယ်တော့မှ အရှုံးမပေးပဲ ရှေ့ဆက်ခဲ့ကြတယ်။ အဲဒီလို အရှုံးမပေးပဲ ရှေ့ဆက်တဲ့ အတွက်ကြောင့် သူတို့တွေ အောင်မြင်မှုတွေ ရလာတယ် ဆိုတာကို ကိုယ်ကိုယ်ကို သတိအမြဲပေးဖြစ်တယ်ဗျ။ အဲဒီလို ကိုယ့်ကိုယ်ကို သတိပေးနေတဲ့အတွက် အလုပ်ကို ပြင်းပြင်းထန်ထန် ပြန်ကြိုးစားဖြစ်တယ်။ မှန်ကန်တဲ့ အပြုအမူ၊ အတွေးအခေါ်တွေ ပြန်ရလာတယ်ဗျ။
ဒီ Envato Marketplaces က အလုပ်ကလဲ စိတ်ဓာတ် တက်ကြွစေတာပဲဗျ။ ဥပမာဗျာ – အဆင့်တစ်ခု ရောက်လာတဲ့အခါ တံဆိပ်တစ်ခုရတယ်ဗျာ၊ လစဉ် ranking တွေရတယ်ဗျာ၊ လစဉ်အရောင်း စံချိန်တင်တဲ့အခါ blog post တင်တယ်ဗျာ။ အားလုံးက စံချိန်တွေ တင်ဖို့ အရင်စံချိန်တွေကို ချိုးဖျက် ကျော်တက်ဖို့ ကြိုးစားနေကြတာ မဟုတ်ဘူးလားဗျာ။ ဟား ဟား ဟား ..
အလုပ်မှာ အခက်ဆုံး အပိုင်းက ဘာလဲ။
အခက်ဆုံးအပိုင်းကတော့ motivation (စိတ်ဓာတ်မြှင့်တင်ရေး) ပဲဗျ။ ဥပမာဗျာ – ရောင်းအားက လ အတော်များများ မြင့်တက်နေတယ်။ အဲဒီလို မြင့်တက်နေတဲ့အတွက် ကိုယ့်ကိုယ်ကို နည်းနည်း နေရထိုင်ရ သက်သာတယ်လို့ ခံစားရတယ်။ နည်းနည်း ပေါ့သွားတယ်ပေါ့ဗျာ။ အသစ်တွေကို မလေ့လာဖြစ်တော့ဘူး။ product အသစ်တွေ မထုတ်ဖြစ်တော့ဘူး။ အဲဒီလို ဆိုရင်တော့ ကိုယ့်ရောင်းအားကို ထိခိုက်လာ တော့မယ်ဗျ။ တကယ့်ကို ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ဈေးကွက်မှာဆိုတော့ဗျာ အကျိုးသက်ရောက်မှုက ခဏလေးအတွင်းမှာ ဖြစ်လာနိုင်တယ်။
သင့်အနေနဲ့ လေ့လာသင်ယူနေတာတွေကို ရပ်လိုက်မယ်ဆိုရင်၊ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေက သင့်ထက် အများကြီးကောင်းတဲ့ product တွေထုတ်ပြီး သင့်ကို အလွယ်တကူ ကျော်ဖြတ်သွားလိမ့်မယ်။
အခြားကော ဘာများပြောချင်သေးလဲ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကျွန်တော့်ဘဝက အများကြီး ပြောင်းလဲသွားပါတယ်။ ကျွန်တော် အမြဲတမ်း စဉ်းစားနေတာက အခုလို အရမ်းကောင်းတဲ့ community ရယ်၊ တကယ့်ကို ကြီးမားတဲ့ Global Marketplace ကြီးမှာ ပါဝင်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့။ Envato က ကောလစ်(စ်) ရယ် အခြားသူတွေ အားလုံးကို ကျေးဇူးအများကြီး တင်တယ်လို့ ပြောချင်ပါတယ်။ လူတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့အတွက်ရော ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ နေနေ လူတိုင်း တန်းတူ အခွင့်အရေးရှိတဲ့ ဝန်းကျင်တစ်ခု ဖန်တီးပေးတဲ့ အတွက်ရောပေါ့။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ နေနေ Envato Marketplace မှာ အခွင့်အလမ်းတွေ ရှိနေပါတယ်။
ကျေးဇူးတင်ပါတယ် Pete ရေ၊ အခုလို ဖြေကြားပေးတဲ့အတွက်လဲ envato က ကျေးဇူးတင်ပါတယ်။
အထက်ပါ အင်တာဗျူးအား Envato မှ တစ်ဆင့် ဘာသာပြန်ဖော်ပြထားခြင်း ဖြစ်ပါသည်။ တန်းတူ အခွင့်အလမ်းများ ရှိနေသည်ကို သိစေလိုသည် အတွက်၊ အားကျအတုယူစေလိုသည့်အတွက် ဘာသာပြန်ဖော်ပြရခြင်း ဖြစ်ပါသည်။
ဘာသာပြန်သူ – သီဟ (Myanmar Links)
No comments:
Post a Comment