ဒီအင်တာဗျူးကို ကိုဇော်ရဲမြင့်ညွှန်းတာကြောင့် ရောက်သွားပြီး ဖတ်ဖြစ်ပါတယ်။ အဲဒီလို ဖတ်ဖြစ်တော့ ဒီကလူငယ်တွေဖတ်မိရင် ကောင်းမှာပဲလို့ တွေးမိပြီး ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။
ဒီအင်တာဗျူးကို မဖတ်ခင်မှာ Envato Marketplace အကြောင်း အရင်ရှင်းပြလိုပါတယ်။ Envato Marketplace ဆိုတာ WordPress, HTML Template စတာတွေ သွားရောင်းလို့ရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ရောင်းတဲ့သူဖက်က ရပိုင်ခွင့်အနေနဲ့ ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ခံစားခွင့်ရှိပါတယ်။ စပြီးရောင်းတဲ့အချိန်မှာ ၅၀% ဆိုတော့ ခံစားခွင့်အားဖြင့် နည်းတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တန်း ကိုယ်တိုင်ရောင်းမယ်ဆိုရင် Hosting ထောင်ရတဲ့ ကိစ္စ Marketing ကိစ္စ စသည်ဖြင့် အများကြီး ကုန်ကျမှာဖြစ်ပါတယ်။ နောက် ကိုယ့်အနေနဲ့ အတော်လေးကို လုပ်မှ International Marketplace ကို ရမှာဖြစ်ပြီး Envato ကတော့ International Marketplace အဖြစ် ရပ်တည်နေပြီး ဖြစ်ပါတယ်။
အခု envato က အင်တာဗျူးထားတဲ့သူကတော့ ပီယာပေါင်လို့ အမည်ရပြီး ထိုင်းနိုင်ငံသား တစ်ယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ envato မှာ အဖွဲ့ဝင်ဖြစ်တာ နှစ်နှစ်လောက်ပဲရှိသေးပေမယ့် အခုအချိန်မှာတော့ သူရေးထားတဲ့ WordPress Theme တွေ HTML Template တွေကို ရောင်းချလို့ ရတဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀၀၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီလို ကျော်သွားတာနဲ့ envato က Power Elite Author လို့ သတ်မှတ်ပြီး Power Elite Care Package နဲ့ Power Elite Ring (လက်စွပ်) ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တစ်ခုရောင်းရတိုင်း ရောင်းရတိုင်း ပီယာပေါင် ၇၀% ရနေပြီဖြစ်ပါတယ်။
သူနဲ့အင်တာဗျူးက အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းသလို အားကျဖို့လဲ ကောင်းပါတယ်။ အဲဒီအပြင် အိမ်မှာနေနေရင်း ပိုက်ဆံရနိုင်တဲ့ အခွင့်အလမ်းတွေလဲ မြင်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာ online banking မရှိတာ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးရတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ဆီမှာလဲ အဲဒီလို လူတွေ အများကြီး ရှိလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်။ အခွင့်အလမ်းတွေသာ ပွင့်လာရင် Leveled Plain Field (အားလုံးအတွက် တူညီတဲ့ ကစားကွင်း) မှာ ကောင်းကောင်းကြီး ဝင်ကြဲလို့ ရလာနိုင်ပါတယ်။
ဂုဏ်ယူပါတယ် ပိ(တ်)ရေ ဒေါ်လာ ၁ ၀၀၀ ၀၀၀ တောင်ကျော်အောင် item တွေ ရောင်းလိုက်ရပြီ ဆိုတော့ ဘယ်လိုခံစားရလဲဗျ။
မယုံနိုင်စရာပါပဲဗျ။ ကျွန်တော့် အသက်က ၂၈ နှစ်ရှိပါပြီ။ ကျွန်တော့် တစ်သက်နဲ့တစ်ကိုယ် ဒီလောက် အချိန်တိုလေး အတွင်းမှာ ဒေါ်လာ တစ်သန်းလောက်တန်တဲ့ theme တွေကို ရောင်းပြီး ရလာလိမ့်မယ်လို့ တစ်ခါမှာ မတွေးခဲ့မိဘူးဗျ။ ၂၀၀၈ ခုနှစ်လောက်တုန်းကတော့ ကျွန်တော်က အလုပ်ထွက်ထားတဲ့ သူတစ်ယောက် Web နဲ့ ပတ်သက်ရင် ဘယ်လို Product ထုတ်ထုတ် ထုတ်သမျှကွဲတဲ့ သူတစ်ယောက် ပေါ့ဗျာ။ ကျွန်တော် မှတ်မိနေသေးတယ်ဗျ၊ ကျွန်တော် ThemeForest ကို မသိခင်က Web နဲ့ ပတ်သက်ရင် လက်မြှောက်အရှုံးပေး၊ အင်တာနက်ကို ကျောခိုင်း၊ အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေကြားမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သူတစ်ယောက်ပါ။ ကျွန်တော် အစွမ်းကုန်ကြိုးစားပေမယ့် ဘယ်လိုမှ အရာမထင်လာခဲ့ဘူး။ ကျွန်တော် ဘယ်လိုတောင် စဉ်းစားမိသလဲဆိုရင်
ဒါကြီးက ငါ့ဘဝအတွက် မှန်ကန်တဲ့ ရွေးချယ်မှုမှ ဟုတ်ပါလေစ
လို့တွေးမိတယ်ဗျ။ ကျွန်တော် ThemeForest ကို မရည်ရွယ်ပဲ တွေ့ခဲ့တာဗျ။ twitter app တစ်ခုမှာ ThemeForest ရဲ့ ကြော်ငြာကို တွေ့ခဲ့တယ် ထင်တယ်။ အဲဒီလို တွေ့တာကနေ Envato Marketplace အကြောင်းကို လေ့လာဖြစ်တယ်ဗျ။ ဘယ်လို အလုပ်လုပ်သလဲပေါ့။ နောက်ဆုံးတော့ မထူးပါဘူး စမ်းကြည့်ဦးမှဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီ ဆုံးဖြတ်ချက်က ကျွန်တော့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။
author တစ်ယောက်အနေနဲ့ရော designer တစ်ယောက်အနေနဲ့ပါ ဒီဘဝမှတ်တိုင် တစ်ခုရလာတဲ့ အပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံလေး သိပါရစေ။
ကျွန်တော် ရိုးရိုးသားသားပြောရရင် ဒီဘဝမှတ်တိုင်ဟာ လူတိုင်းလူတိုင်း လက်မြှောက်အရှုံးမပေးပဲ ခရီးဆက်မယ်ဆိုရင် ဘယ်လောက်အထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ အသိရလာတယ်ဗျ။ ဒါပေမယ့် ဒီဘဝမှတ်တိုင်က တစ်ခြားသူတွေထက် ကျွန်တော်က အများကြီး သာသွားပြီလို့ ခံစားရတာမျိုး မဟုတ်ဘူးဗျ။ အကုန်လုံးက အရမ်းကို မြန်တဲ့နှုန်းနဲ့ ပြောင်းလဲနေတာလေ။ ဒီတော့ ကျွန်တော် ကိုယ်တိုင်လဲ သင်ယူနေရဦးမယ်၊ အချိန်ပြည့် အဆင့်မြှင်တင်နေရဦးမယ်လို့ ခံယူထားတယ်ဗျ။
ဒါနဲ့ စကားမစပ်၊ power elite ring က မိုက်သဗျို့၊ ကျွန်တော် ကြိုက်သဗျ။
envato marketplace အတွက် ဒီဇိုင်းတွေ ရေးဆွဲဖို့ အချိန်ဘယ်လောက်ပေးခဲ့ရလဲဗျ။
ကျွန်တော် တစ်နေ့ကို ၈ နာရီကနေ ၁၆ နာရီလောက် theme design နဲ့ support အတွက် အချိန်ပေးတယ်ဗျ။ တစ်ခါတစ်လေမှာ နေ့တိုင်း အလုပ်လုပ်ဖြစ်တယ်။ ပြောရရင် ကျွန်တော့်အတွက် စနေ၊ တနင်္ဂနွေဆိုတာ မရှိဘူးပေါ့။ ဟားဟား … ကျွန်တော် ဒီလောက် အလုပ်ချိန်တွေ အများကြီး ပေးပြီး လုပ်နေရတဲ့ အဓိက အကြောင်းအရင်းကတော့ အလုပ်လုပ်နေတယ်လို့တောင် ကျွန်တော်ကိုယ်တိုင် မထင်လို့ပဲဗျ။ စနေ၊ တနင်္ဂနွေတွေမှာ အပြင်သွားမယ်၊ ရုပ်ရှင်ကြည့်မယ့်အစား theme ရဲ့ အဆုံးသတ်ပိုင်းကို ရေးချင်ရေးနေတတ်တယ်ဗျ။ အဲဒီလိုကြီး နားချိန်မရှိ၊ ပျော်ချိန်ပါးချိန်မရှိ လုပ်နေတယ်ဆိုတော့ တစ်မျိုးဖြစ်ချင် ဖြစ်နေလိမ့်မယ်။ အဲဒါ တကယ်ဗျ။
ဒီဇိုင်းတွေ အပယ်ခံရတာတွေ ရှိခဲ့ဘူးလား။ အဲဒီလို အပယ်ခံရတဲ့အခါ စိတ်ထဲမှာ ဘယ်လို ခံစားရလဲ။
ဟုတ်ကဲ့ အပယ်ခံရဖူးပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး Photography Theme က လေးကြိမ် ငါးကြိမ်လောက်ကို အပယ်ခံရပါတယ်။ ပထမတော့ စိတ်ဆိုးတယ်ဗျ။ နောက်တော့ စိတ်ကို တည်ငြိမ်အောင် ထားပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားတယ်၊ reviewer ပြောတဲ့ ဘာကြောင့် ပယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကို လေ့လာတယ်။ ကိုယ့် ဒီဇိုင်းမှာ ရှိနေတဲ့ အားနည်းချက်တွေကို လုံ့လစိုက်ပြီး ရှာတယ်။ အဲဒီလို ပထမဦးဆုံး အငြင်းပယ်ခံလိုက်ရတဲ့ နောက်ပိုင်းမှာ ကျွန်တော် အတော်လေးကို တိုးတက်လာတယ်ဗျ။ ဒါတောင် နောက်ထပ် နှစ်ကြိမ်သုံးကြိမ်လောက် အပယ်ခံရသေးတယ်။ အဲဒီနောက်ပိုင်းမှ ကျွန်တော့် theme တွေ အရွေးခံလာရတယ်ဗျ။ အဲဒီတော့မှ ကျွန်တော် သဘောပေါက်တယ်။ reviewer ပေးတဲ့ အကြံဉာဏ်တွေက အဖိုးတန်ပါလား၊ ကိုယ့်ရဲ့ product ကို အကောင်းဆုံးဖန်တီးဖို့ ကူညီပေးနေပါလားဆိုတာ။ reviewer တွေရဲ့ အကြံပြုချက်တွေဟာ ကျွန်တော့် theme တွေကို ကောင်းအောင် အများကြီး ပံ့ပိုးခဲ့ပါတယ်။
Power Elite Level ကို ရောက်လာအောင် တွန်းပို့ခဲ့တဲ့ လက်ကိုင်ထားတဲ့ စကားတွေရှိရင် ပြောပြပါဦး။ နောက်လူတွေ Power Elite Level ကို သွားနေတဲ့သူတွေ သိရအောင်။
ပြင်းပြင်းထန်ထန်ကြိုးစားရင် မှန်ကန်တဲ့ ပြုမူလုပ်ဆောင်မှု၊ စိတ်နေသဘောထားရှိရင် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး ဆိုတဲ့ စကားပါ။ ကျွန်တော့်ကို ဥပမာ ယူလို့ရပါတယ်။ ကျွန်တော်က နိုင်ငံငယ်လေးကပါ။ (ဘန်ကောက်မှာ နေပါတယ်) အင်္ဂလိပ်စာကလဲ သိပ်အကျွမ်းကြီးမဟုတ်ဘူး။ ကျွန်တော် ThemeForest ကို မဝင်ခင်က အလုပ်ထွက်ထားတယ်၊ web နဲ့ ပတ်သက်လို့ ဘာမှကို လုပ်ချင် ကိုင်ချင်စိတ်မရှိတဲ့သူပါ။
အဲဒီအချိန်တုန်းက အလုပ်ထွက်ပြီး ThemeForest မှာ အချိန်ပြည့်မြှတ်နှံမယ်ဆိုတော့ လူတွေ အတော်များများ ကျွန်တော့်ကို မှားတယ်လို့ ပြောကြတယ်ဗျ။ ကျွန်တော်ရဲ့ ပထမဦးဆုံး theme ကို အရွေးမခံရခင်မှာ အကြိမ်ကြိမ် အပယ်ခံရတယ်ဗျာ။ နောက်ပြီး ကျွန်တော်က ပျံလန်နေအောင် တော်တဲ့ ဒီဇိုင်နာ တစ်ယောက်လဲမဟုတ်၊ ကုဒ်ဒါတစ်ယောက်လဲ မဟုတ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော် skill ကို အမြဲမြှင့်တယ်ဗျ၊ ပြင်းပြင်းထန်ထန်ကို မြှင့်တယ်။ ဒီတော့ဗျာ ကိုယ့်ဘဝမှာ အမှောင်ထဲ ရောက်နေတယ်ဆိုပြီး ဘယ်တော့မှ အရှုံးမပေးနဲ့ဗျ။
ရုံးခန်းကရော ဘယ်လိုပုံစံလဲဗျ။
နည်းနည်းတော့ ပွတယ်ဗျ။ ကျွန်တော့်မှာ MacBook Pro တစ်လုံးရှိတယ်ဗျာ။ Cinema Display တစ်လုံးလဲ ရှိတယ်။ နာရီအတော်များများ အလုပ်လုပ်ပြီးသွားရင် ကျွန်တော့် စားပွဲမှာ စာရွက်တွေနဲ့ ပြည့်နေတတ်တယ်ဗျ။ တစ်ခါတစ်လေ Starbucks သွားပြီး ကော်ဖီသောက်ရင်း အလုပ်လုပ်တတ်တယ်ဗျ။ ကျွန်တော့် မျက်လုံးတွေ အနားပေးချင်တဲ့အခါ၊ အိုင်ဒီယာအသစ်တွေ ရချင်တဲ့ အခါတွေမှာပေါ့ဗျာ။ အဲဒီ နည်းလမ်းလေးက မဆိုးဘူး အတော်နိပ်တယ်ဗျ။
ဒီဇိုင်းတွေဆွဲတဲ့အခါမှာ စိတ်ကူးဉာဏ်တွေ ကွန့်မြူးအော် ဘယ်လိုလုပ်သလဲဗျ။ စိတ်ကူးကောင်းတွေ ဘယ်လို ရတတ်သလဲ။
တစ်ခြားဒီဇိုင်နာတွေလိုပါပဲ။ CSS Gallery ဆိုက်တွေကို ကြိုက်တယ်ဗျ။ အခြား ဒီဇိုင်းဆိုတာ ဘလော့ ပို့စ်တွေကို ကြိုက်တယ်ဗျာ။ အဲဒီအပြင် Best 50 website စသည်ဖြင့်ပေါ့ဗျာ။ အကုန် ကြည့်ဖြစ်တယ်ဗျ။ နောက်ပြီး ကျွန်တော်က interior design တွေကိုလဲ ကြိုက်တယ်ဗျ။ တစ်ချို့အချိန်တွေမှာ interior design တွေ home design နဲ့ ပတ်သက်တဲ့ site တွေမှာ ကျင်လည်နေတတ်တယ်ဗျ။
အထက်ပါ အင်တာဗျူးအား Envato မှ တစ်ဆင့် ဘာသာပြန်ဖော်ပြထားခြင်း ဖြစ်ပါသည်။ တန်းတူ အခွင့်အလမ်းများ ရှိနေသည်ကို သိစေလိုသည် အတွက်၊ အားကျအတုယူစေလိုသည့်အတွက် ဘာသာပြန်ဖော်ပြရခြင်း ဖြစ်ပါသည်။
ဆက္ပါဦးမယ္ …
No comments:
Post a Comment