July 01, 2012

လုပ်ငန်းသုံး ကောင်းကင်မြေပုံနည်းပညာ အသုံးပြုပုံများကို သင်ယူမှုတွင်ကျယ်လာ

လုပ်ငန်းသုံး (GIS) ကောင်းကင်မြေပုံ နည်းပညာဆိုင်ရာ Google Earth နှင့် Geospatial အသုံးပြုပုံများကို သင်ယူမှု တွင်ကျယ်လာ ကြောင်း၊ကွန်ပျူတာ သင်တန်းကျောင်းအချို့မှ သိရသည်။
"ဒီဘာသာရပ်ကို လုပ်ငန်းနယ်ပယ် မျိုးစုံက အသက်အရွယ်မျိုးစုံနဲ့ ရာထူး မျိုးစုံကသူတွေ သင်ယူလာကြပါတယ်။ နေရာတိုင်းမှာ Google Earth ကို သုံးဖို့ရာက တည်နေရာအနေအထား အပြောင်းအလဲတွေရှိတော့ ဒါတွေကို ပြင်ဆင်ဖြည့်ဆည်း အသုံးပြုနိုင်ဖို့ လိုပါ တယ်။ ဒါကြောင့် ဒီဘာသာရပ်ကို သင်ယူလိုက်တယ်ဆိုရင် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ရတာ ပိုမိုတွင်ကျယ်သွား စေနိုင်ပါတယ်" ဟု Ocean Gate Training Centre မှ Chief Operating Officer ဦးသိန်းစိုးက ပြောသည်။
စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေး စသည့် စီမံကိန်းများတွင် အသုံးပြုသည့် GIS နည်းပညာရပ်များကို လက်တွေ့လုပ်ကိုင်ရသူများအတွက် GIS Application များနှင့် Google Earth ကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရန် လိုအပ်ပြီး GIS Application များကို အသုံးပြုရာတွင် လိုအပ်သည့် Geospatial နည်းပညာ
ရပ်များကိုပါသိရှိထားရမည်ဖြစ်သည်။
ထို့အတွက် Google Earth Overview နှင့် GIS ကို အခြေခံမှစပြီး Data Export များပြုလုပ်ခြင်း၊ Spatial Data များကို Integrate ပြုလုပ်ခြင်း၊ GIS တွင် Map များကို Create ပြုလုပ်ခြင်းစသည်တို့ကို စာတွေ့အပြင် လက်တွေ့သင်ကြားမှုများ ရရှိရန် လိုအပ် လာသည်ဟု လုပ်ငန်းခွင်တွင်လုပ်ကိုင်နေသူ အချို့ထံမှသိရသည်။
"ဥပမာ ကျွန်တော့ကုန်ပစ္စည်းကို ရန်ကုန်မှာရှိတဲ့ စူပါမားကက်တွေကို ဖြန့်ဖို့အတွက် ရန်ကုန်မှာသူတို့တွေရှိတဲ့ တည်နေရာကို အတိုဆုံးလမ်းကနေဘယ်လို ရောက်အောင်သွားမလဲဆိုတာကို ဂူဂဲအာ့သ်က update မဖြစ်တော့ သူ့အပေါ်မှာ ဒီကနေ့ ပြောင်းလဲ
သွားတာတွေ အသစ်ပေါ်လာတဲ့ လမ်းတွေ၊ အဆောက်အအုံတွေကို ပြန်ဆွဲထည့်ပြီး သုံးမှအဆင်ပြေမယ်"ဟု မကွေးမြို့မှ ကုန်ပစ္စည်း ဖြန့်ချိရေး မန်နေဂျာတစ်ဦးကပြောသည်။
သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ပရောဂျက်များကိုအကောင်အထည်ဖော်ရာတွင် Google Earth ထိရောက်စွာ အသုံးပြုနိုင်ရန် Geospatial ပညာရပ်၏ Solid Foundation ကို ကောင်းစွာ နားလည်သိရှိရန် လိုအပ်လာသည်ဟုဆိုသည်။
ထို့ပြင်လုပ်ငန်းခွင်တွင် Google Earth ၏ လက်ရှိ ကောင်းကင်မြေပုံကို အခြေခံပြီး မိမိတို့ လုပ်ငန်းများနှင့် ဆက်စပ်နေသော ဧရိယာ နေရာဒေသ များ၏ up-to-date features များကို ဖြည့်စွက်ခြင်း၊ စီးပွားရေးလုပ်ငန်းအတွက် မျက်မြင်အချက်အလက်များကို Database များ တည်ဆောက်၍ ပေါင်းစပ်ခြင်းများကို မိမိကိုယ်တိုင်လုပ်ဆောင် အသုံးချနိုင်သည့်အတွက် လုပ်ငန်းတိုးတက်မှု ပမာဏမြင့်မားပြီး အချိန်နှင့် ရင်းနှီးမြှုပ်နှံမှုများကိုပါ လျှော့ချနိုင်စေကြောင်းသိရသည်။
ကောင်းကင်မြေပုံနည်းပညာသင်ယူမှုကို ကုမ္ပဏီအချို့က ၎င်းတို့လိုအပ်သော Package Training များအတိုင်းသင်ကြားလေ့ရှိသည်။


http://www.myanmar.mmtimes.com

No comments:

Post a Comment